Tuesday, May 20, 2008

အက္ခရာမဲ့သော စကားလုံးများ

ကျမစိတ်ကို လက်ရှိပတ်ဝန်းကျင်ထဲက ခဏလောက်ရုန်းထွက်ဖို့ ကြိုးစားကြည့်မိတာ တစ်ပတ်လောက်ရှိပြီ၊ နေ့စဉ်နှင့်အမျှ ကျမအရုံးပေးခဲ့ရပါတယ်။ စိတ်က ကျမကိုအနိုင်ယူနေပါတယ်။ မွန်းကျပ်မှုတွေ ၊သောကတွေ ၊ တာဝန်ဝတ္တရားတွေ ၊မိသားစု၊ မိတ်ဆွေ ၊ ကိုယ်နှင့်ပတ်သက်နေသော လုပ်စရာအလုပ်တွေက ကျမစိတ်ကို ပိတ်လှောင်ထားပါတယ်။ ကြားသမျှ မြင်သမျှ သတင်းတွေကြောင်းလည်း ကျမစိတ်တွေလန်းဆန်းမနေခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျမခဏလောက်ဒီမွန်းကျပ်မှုထဲက ထွက်ပြေးချင်တယ်။ ကျမသီးသန့်အတွေးကမ္ဘာထဲမှာ စိတ်ကူးကလေးတွေကို စာလုံးလေးတွေအဖြစ်အသွင်ပြောင်းဖို့ အချိန်သီးသန့်ကလေး ကျမလိုချင်တယ်။ မနက်ဖြန်ဆိုတဲ့ ကျမတို့၏မပြီးပြတ်သော ခရီးတစ်ခုမှာ ကျမ၏မျှော်လင့်ချက် မီးအိမ်ကလေး မီးစာကုန်ဆီခမ်း အမှောင်ပိန်းပိတ်မကျစေဖို့ ကျမအတွက် စာလုံးကလေးတွေစီးကုံးနေ့တဲ့ အချိန်ထက် ပိုပြီး စိတ်ကူးယဉ်စရာ စိတ်ကိုနုပျိုလန်းဆန်းနိုင်စေတာ မရှိခဲ့ပါဘူး။
အရာအားလုံး သင်္ချာကိန်းဂဏာန်းများအောက်မှာ လူသားတွေကို ပုံစံသွပ်သွင်း ပုံလောင်းထားတဲ့ ဟောဒီ ခေတ်မှီမြို့ပြယဉ်ကျေးမှုဟာ ကျမစိတ်ကို အမြဲတမ်းခက်ထန်ကြမ်းတမ်းနေစေခဲ့တယ်။ တန်ပြန်တုံ့ပြန်တတ်တဲ့ အမှုအကျင့်တွေ၊ အေးစက်စက် စကားလုံးတွေ ကျမပြောတတ်ခဲ့တာကြာလှပါပြီ။ ပြိုင်ဆိုင်မှုတွေကြားထဲမှာ သူတို့သင်သွားပေးခဲ့တဲ့ နည်းလမ်းအတိုင်း ကျမလက်တုံ့ပြန်မိတဲ့ အကြိမ်တိုင်း ကျမကိုယ် ကျမမှန်ထဲ ကြည့်ကာ သူဟာဘယ်သူလဲလို့ ကိုယ်ကိုကိုယ်ပြန်မေးမိတယ်။ တချိန်တုံးက ဖြူစင်ရိုးသားခြင်းတွေ ကျမကိုယ်ထဲ အခိုးအငွေ့အဖြစ်လွင့်ပြယ်သွားခဲ့လေသလား ဒါမှမဟုတ် မပြည့်စုံတဲ့ မိသားစုအတွက် ဒီရိုးသားမှုကို ကျမကိုယ်တိုင်နှင်းချေဖျက်စီးမိလိုက်မိသေသလား ခုချိန်မှာတော့ ကျမသေချာမသိတော့ပါ။
မနေ့ကထက်ပိုမို ရင့် ရော်လာတဲ့ကျမမျက်နာမှာ မနေ့က အခိုးမပြယ်သေးတဲ့ ဒေါသအမြုံတေများ၊ မနက်ဖြန်ရင်ဆိုင်ရမယ့် ပြသာနာတွေအတွက် ကြိုတင်ကြံစဉ်မှုတွေ၊ကြုံတွေ့နေရတဲ့ လှိုင်းပြင်းများကြာမှာ သောကမောဟတွေ ကျမစိတ်ထွက်ပေါက်ကို အထပ်ထပ်ပိတ်ဆိုးဖုံး ကွယ်ထားတယ် ။ ကျမကိုယ်တိုင် ဘယ်ဆီမှာမှ ပြန်ရှာမတွေနိုင်တဲ့အတိလေ။ အမြင်တွေကျဉ်းမြောင်းလာသလို့ သတ္တိတွေနည်းပါးလာသလို ဆုံးဖြတ်ချက်တွေ မခိုင်မာတဲ့ ကျမဘ၀မှာလေ အချစ်ဆိုတာကလည်း ဘယ်လိုမှ အမြင်တူအောင် နားမလည်းနိုင်တဲ့ ကျမမိသားစုလိုဘဲ အဆုံးမဲ့ အစမဲ့ ဆုံဆည်းခြင်းမဲ့တဲ့ ခပ်ဖြောင့်ဖြောင့်မျဉ်းကြောင်း တစ်ကြောင်းဖြစ်လို့ နေပြန်ပါသေးတယ် ။ နောက်ထပ်ဘယ်လို့မှ ဆုံတွေ့ဖို့်မလွယ်ကူနိုင်တဲ့ ချစ်သူအသံလေးကို ကျမလွမ်းရင်း ခုချိန်မှာ စာရေးဖို့ ကျမကြိုးစားလို့ ဖြစ်နိုင်ပါမလားနော်… ဖြစ်နေတာနှင့် ဖြစ်ချင်တာ၊ လိုချင်တာနှင့် ဖြစ်သင့်တာ ဒီကွဲလွဲနေတဲ့ အရာအားလုံးအတွက် ရှုပ်ထွေးနေတဲ့ ကျမစိတ်နွမ်းနွမ်းက ဘာစကားလုံးမှ ထွက်ကျမလာခဲ့ပါဘူး။ အချိန်တွေသာကုန်သွားတယ် ။ ငေးငိုင်ငိုင်တွေးတော ငေးမောနေတဲ့ ကျမဆီကို ဘယ်အတွေးကလေးမှ မ၀င်လာဘဲ မှင်စက်တွေ စာမျက်နာပေါ်မှာ တစ်ရွက်ပြီးတစ်ရွက် ဆုပ်လုက်ဖြဲလိုက် ဖြင့် အသည်းအသန်ကျမစာရေးဖို့ကြိုးစားတယ် ။ နောက်ဆုံး ကျမပါးပြင်ပူနွေးလာတယ်၊ မျက်ရည်တွေ သောကအစိုင်အခဲ့တစ်ခု အရည်အဖြစ်ပျော်ကျခြင်းလာ စာလုံးတွေအဖြစ်မတတ်ကျွမ်းတဲ့ ကျမခံစားချက်ကို မျက်ရည်ကပုံဖော်လေးသလား ကျမငိုမိခဲ့တယ်။