Tuesday, April 17, 2012

ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)




အပိုင်း(၁)

ကျမချစ်သော ကျမချစ်သူ၏ရင်ဘတ်ကို ပင်လယ်ပြင်နှင့် ခိုင်းနှိုင်းရမယ်ဆိုရင်လေ သူရင်ဘတ်က ကျမကြီးပြင်ခဲ့တဲ့ အရပ်ဒေသက ပင်လယ်ပြင်ကဲ့သို့ရိုးစင်းဟောင်းနွမ်းနေမှာသေချာတယ်။တစ်ခါတစ်ရံမိုးသက်လေကင်းတဲ့ မြေနှနှလေးတွေ ငြိမ်းသက်ကြည်လင် ငြိမ်သက်နေတာ တွေ့ရတတ်ပေမယ့် အများအားဖြင့် အမှိုက်တွေ ပေါလေမျောနေတဲ့ အခြေအနေက ပိုများတယ်။ ဒေါသထွက်မြန်တဲ့ လူတစ်ယောက်အတွက် အမြဲလှိုင်းလေတွေ အ၀ုန်းဝုန်းတိုက်ခတ်နေတတ်ပေမယ့် ပတ်ဝန်းကျင်ဟာ သန့်ရှင်းမှု အားနည်းနေတယ်။ ကျမချစ်သူရင်ဘတ်မှာ ပလက်စတစ်အိတ်ခွံတွေ ပေါလောမျောနေတယ်။ ချစ်တယ်လို့ပြောလိုက်တဲ့ သူနှုတ်ခမ်းတွေမှာ အမှိုက်ပုံကြီးတွေဆီက အနံတွေ ကပ်ပါလာသလိုပဲ….သူ သိုင်းဖက်လိုက်တဲ့ သူလက်ပေါ်မှာ တခါတစ်ခါ သေပြီးပုတ်ပွနေတဲ့ ငါတွေ၊ သူစိတ်တွေ လှုပ်ရှားရင်ခုန်နေချိန်မှာတော့ ကမ်းစပ်ကို ပြေးတက်လာတဲ့ လှိုင်းလေးပေါ်က ရေမှော်ဒိုက်တွေ ၊ ကျောက်ကြောခက်တွေ၊ ခရုခွံလေးတွေကို ကျမ ချစ်တတ်ပါတယ်။

သူဟာ အိုဟောင်းနေတဲ့ ပင်လယ်တစ်ခုလိုပဲ အခင်းအကျင်း မထည်ဝါဘူး။ မခန့်ညှားဘူး။ ပြုပြင်တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ကင်းပြီး အထီးကျန်နေတယ်။ သဘာဝအတိုင်း အခမယ့်ပေါက်နေတဲ့ အုန်းတန်းတွေ ပင်လယ် ကပွေးပင်တွေကြောင့် ပင်လယ်ကို ပင်လယ်လို့ အမည်ပေးနိုင်ပေမယ့် ခေတ်သစ်မြို့ပြမှာဖွင့်ဆိုထားတဲ့ စံနန်းဖြင့် သာ တိုင်းတာမယ်ဆိုရင် သူရင်ဘတ်မှာ ရှိတဲ့ ကျမကိုချစ်တဲ့အချစ်တွေ စံချိန်စံညွန်းတွေနှင့် မကိုက်ညီမပြည့်မှီပါဘူး။ ဒီခေတ်မြို့ပြက တောင်းဆိုနေတဲ့ ပင်လယ်ဆိုတာ ကျမချစ်သူအတွက် အိမ်မက်ကမ္ဘာထဲက ပင်လယ်တစ်ခုပေါ့ ။

ကျမချစ်သူ ရယ်လိုက်တိုင် ထွက်ကျလာတဲ့ လှိုင်းသံတွေကို ကျမက အမြဲတမ်းမကြားနိုင်ဘူး။ အမြဲဆူညံပြီးအက်ယှက်နေတဲ့ ပင်လယ်ကူး ငါးဖမ်းစက်လှေတွေ အနားတမ်း ငါးဖမ်းနေကြတယ်။ ကျမအတွက် လက်ဆောင်သယ်လာတဲ့ ပင်လယ်ခရုခွံတွေ သန္တာကျောက်ခက်တွေကို ပတ်ဝန်းကျင်မှာ နေထိုင်သူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေကြား အောက်အမှိုက်ဖြစ်သွားတဲ့အရာတွေဟာ တကယ်တော့ ကျမအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုတွေပေါ့။

သူကချစ်တယ်လိုပြောလိုက်တိုင်း အသစ်အသစ်ဖြစ်တည်လာတဲ့ ကျောက်စရစ်ခဲတွေ ကျောက်တုံးတွေ ၊ ကျမတို့အနာဂတ်အတွက် သူသယ်ဆာင်လာတဲ့ ကျောက်တုံးလှလှလေးတွေ အခိုးခံနေရတဲ့ သူ့ ကံကြမာကို ကျမရင်လေးပါတယ်။ သူဆီမှာ အိုမင်းဟောင်းနွမ်းနေတဲ့ အမေအိုနှင့် အဖေအို တို့ရှိတယ်။ သူတို့ သယ်ဆောင်လာတဲ့ နှုံးမြေတွေက သူရင်ဘတ်မှာနေရာလွတ်မရှိအောင် ဖို့နေကြပေမယ့် လမ်းခင်းသဲ အဖြစ် ဘ၀ပြောင်းသွားလေတဲ့ ဘိုးဘွားအဆီအနှစ်တွေ ကင်းပြီး ကျမချစ်သူဟာ ၀င်ကစွပ်ကောင်အတွက် အိမ်ခွံကြီးဖြစ်လို့ ။

ကျမမြင်ဖူးသမျှ ပင်လယ်မြင်ကွင်းထဲမှာ ကျမမွေးဖွားရာ အရပ်က ပင်လယ်ပြင်မြင်ကွင်းလောက် ရိုးစင်းလှပတဲ့ ပင်လယ်မြင်ကွင်းမျိုး ထပ်ပြီး ဘယ်မှာမှကျမ မတွေ့ရတောပါ။ တစ်ခါတစ်ရံ ဆီစက်ကြီးတွေ လာပြီး စွန့်ပစ်တတ်တဲ့ ပဲခွံ နှမ်းဖတ်တွေဖြင့် ရေပြင်တစ်ခုလုံး ညစ်ပတ်နေတတ်တယ်။ တောင်းဆိုး အမှိုက်စုတ်များဖြင့် အကျည်းတန်ဆန်နေတဲ့ ပင်လယ်ရူခင်းလို့များလိုလည်း ကျမမတွေ့တော့ဘူးလို့ ထင်ခဲ့တာ။ ခုတော့ ကျမချစ်သူဆီမှာ အရပ်စွဲ၊ရွာစွဲ၊ဒေသစွဲပြီး ဤသို့ ပင်လယ်တစ်ခု နောက်ထပ်တည်ရှိနေပါသေးသည်။ လှပတဲ့ပင်လယ်ပြင်တစ်ခု၏ အဓီပါယ်ကို သူသိအောင် ကျမကြိုးစားပါအုံးမယ်….