
ငါဆိုတဲ့ ငါက တံငါသည် ပိုက်ပေါ်က ငါးပုပ်မဖြစ်ချင်တဲ့ ငါး တစ်ကောင်
ငါဆိုတဲ့ ငါက ဈေးသည်လျှာပေါ်က ရောင်းပန်း မဖြစ်ချင်တဲ့ ငါးတစ်ကောင်
ငါဆိုတဲ့ ငါက အလှမွေးကန်ထဲက အနှစ်မရှိ ရုပ်ပြမစားလိုတဲ့ ငါးတစ်ကောင်......
ကြီးနိုင်ငယ်ညှင်း အပေါ်ဖား အောက်ဖီ
အောက်ဆီဂျင်မပြည့် တောက်ခေါက်ရတဲ့ လောက
အသက်ရူဖို့ ခွင့်ပြုချက်တောင်းရတဲ့ ဒီရေထု
အသက်ရှင်ဖို့ ဇတ်တူသား စားရတဲ့ ဒီကမ္ဘာထဲက .....
ငါးစာတုံးကို လိုက်ရှာဆွဲ ကြိုးဆွဲခေါ်ရာ မရုန်း
ကိုယ်တိုင် ငါးမျှားချိတ်ပေါ်ကို လိုက်မိခဲ့သူ
ငါက အပျော်တမ်းတံငါသည်ကို ဘုရားထင်မိခဲ့တယ် .....
တကယ်တော့
ငါက သူချမ်းသာတစ်ယောက်၏ အပျင်းပြေ ကစားကွက်
ငါက ငါကိုယ်ငါစီရင်ချက် ထုတ်တဲ့ လူမိုက်
ငါက အမျိုးကို ခုတုံးလုပ်မိတဲ့ သစ္စာဖောက်
နောက်ဆုံးတော့ ငါဟာ ဇတ်တူသားကို ဖမ်းဖို့
တံငါသည်လက်ပေါ် ငါးစာတုံး ပြန်ဖြစ်ခဲ့ရတယ်။
2 comments:
အရမ်းကောင်းတယ်ညီမလေး.....
ဒီလိုအတွေးတွေကလူတိုင်းမတွေး
မိတတ်ကြတဲ့အနီးအနားမှာရှိနေတဲ့
မှန်ကန်တဲ့အတွေးတွေပါ။
အမြဲတမ်းအားပေးနေပါတယ်။
အစ်မရေ .. အတွေးလေးကို အခြေပြုရေးဖွဲ့ထားတာလေး
အရမ်းကို ကောင်းတယ် ..။
အစ်မ ပြောမှပဲ ငါးတစ်ကောင်ရဲ့ အဖြစ်ကို သေချာတွေးပြီး
သဘောကျသွားတယ် .. ခိုင်းနှိုင်းထားတာလေးကို ကြိုက်နှစ်သက် သွားပြီ အစ်မ ..။
Post a Comment